Wednesday, November 18, 2015

ရွှေမော်ဓောတောင်


ရွှေမော်ဓောတောင်
---------------------
ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ် ဘုမ္မတီးကျေးရွာ
အနီးတွင် တည်ရှိသောကြောင့် ဘုမ္မတီးတောင်ဟူ၍လည်း
ခေါ်သည်။ ပေပေါင်း ၁၁၀၀ ခန့်မြင့်မားပြီး ဇရပ်ကြီးဒေသမှ 
ထင်ရှားစွာ တွေ့မြင်နိုင်သော တောင်ငယ်တစ်လုံးဖြစ်သည်။
တောင်ပေါ်တွင် သဘာဝစမ်းရေထွက်နှင့် ပေ ၃၀၊ ၄၀
ပတ်လည်ခန့်ကြီးမားသော သက်ရင့်ကျောက်တုံးကြီးများ
ကိုလည်းတွေ့ရပြီး အရှေ့ရိုးမဟုခေါ်သော ကရင်ပြည်နယ်
တောင်ကြောများနှင့် ဘူမိသက်တမ်း တစ်ချိန်တည်း
ဖြစ်တည်လာခဲ့သည်ဟုပင် ယူဆရသည်။

တောင်ပေါ်တွင် ဘုရားစေတီအချို့တည်ရှိပြီး
တောင်ခြေ၌လည်း ရှေးဟောင်းစေတီငယ်အချို့ကို
ဖူးမြင်တွေ့ရှိရသည်။ မှတ်တမ်းမှတ်ရာကျောက်စာ
အထောက်အထားတစ်စုံတစ်ရာကိုတော့တွေ့မြင်
မှတ်သားထားခြင်းမျိုးကို မတွေ့ရသော်လည်း
ရှေးလူကြီးတို့ လက်ဆင့်ကမ်းစကား အဆိုအရ
အလောင်းစည်သူမင်း တည်ထားခဲ့သည်ဟူ၍လည်း
ဆိုကြသည်။
သင်္ကြန်ကာလများတွင် ဇရပ်ကြီးဒေသအတွင်း လူငယ်
လူရွယ်များစုဝေး၍ တောင်ပေါ်သို့ သွားရောက် ဘုရားဖူးရင်း
သင်္ကြန်လည်သည့် အလေ့အထမှာလည်း နှစ်ကာလ
များစွာကတည်းက ဒေသအလေ့အထတစ်ခုအဖြစ်
တည်ရှိ၍ နေလေသည်။

တောင်ငူခရိုင် အရှေ့ကြော ကရင်ပြည်နယ်ရိုးမ
တောင်ခြေတစ်လျောက် တောင်မြောက်ဆက်သွယ်နေသည့်
တောင်ငူ - ဇရပ်ကြီး - ကျောက်ကြီး မှ စစ်တောင်းမြစ်ဝဘက်
နားရှိ မုပ္ပလင်ထိ ရှည်လျားသည့် လမ်းပိုင်းမှာ
ရှေးယခင်ကာလများကတည်းက တောင်ငူမင်းတို့
ယိုးဒယားဘက်သို့ စစ်ချီစစ်တက်ထွက်ရာ လမ်းပိုင်းဟု
သမိုင်းသုတေသီတို့က ဆိုကြသည်။
အထောက်အထားအဖြစ် လမ်းတစ်လျှောက်တည်ရှိသော
ရွာကြီးရွာငယ်များတွင် ပုံစံဆင်တူသည့်ရှေးလက်ရာ
ဘုရားစေတီကျောင်းကန်များကိုလည်း တွေ့ရှိရသည်။

ရှေးမင်းတို့ စစ်ချီစစ်တက်ရာလမ်းပိုင်းများတွင်နယ်မြေ
စိုးမိုးမှုရှိစေရန်အတွက်လည်းကောင်း၊ တိုင်းနိုင်ငံရပ်ရွာ
အတွင်း မိမိတို့သြဇာအာဏာ သက်ရောက်စိုးမိုးမှုကို
ပြလိုသဖြင့်လည်းကောင်း၊ ဘာသာသာသနာကို ချီးမြောက်
အထောက်အပံ့ပြုလိုသဖြင့်လည်းကောင်း စေတီဘုရားတို့ကို
လမ်းတစ်လျှောက်တည်ထား၍ မိမိတို့လက်အောက် သြဇာခံ
တိုက်နယ်သူကြီး၊ ရွာစား မြို့စားတို့ကို ခံ့အပ်ကာ ရွာတည်
အုပ်ချုပ်စေလေ့ ရှိတတ်ကြောင်း သမိုင်းမှတ်တမ်းများအရလည်း
နှိုင်းဆလက်ခံစရာ တစ်ခုပင် ဖြစ်သည်။

ရွှေမော်ဓောတောင်မှာ ရှေးယခင်ကာလများက
သစ်ကြီးဝါးကြီးတို့ဖြင့် စိမ်းစိုနေသော်လည်း
ယခုနောက်ပိုင်း တောင်ယာခုတ်ထွင် ရှင်းလင်းခြင်းများ
ထင်းဝါးအသုံးပြုရန် ခုတ်ထွင်မှုများအတွက် ထိန်းသိမ်းမှု
အားနည်းခြင်းများကြောင့် သစ်ပင်ဝါးပင်ကြီးများ
အတန်ငယ်လျော့ပါးလာသည်ကို တွေ့ရှိရပြီး
ကျေးရွာလူထုနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်
မိမိတို့ဒေသအလှ ပုံရိပ်တစ်ခုဖြစ်သည့် ရွှေမော်ဓော
ဘုရားတောင် စိမ်းလန်းစိုပြေစေရေးအတွက်
ထိန်းသိမ်းလုပ်ဆောင်ဖွယ်တစ်ခုဖြစ်သည့်အပြင်
ရွှေမော်ဓောတောင်အား
အပန်းဖြေသွားလာလည်ပတ်နိုင်သော
သဘာဝတောတောင်ရေမြေ ပတ်ဝန်းကျင်နေရာ
တစ်ခုအဖြစ် ကြိုးစားဆောင်ရွက်နိုင်ပါလျှင်
ဇရပ်ကြီးဒေသသာမက တောင်ငူခရိုင်နှင့် နီးစပ်ရာ
ဒေသများမှ ပြည်သူများပါ
အလည်အပတ် ဘုရားဖူး၊ လေ့လာရေးစသဖြင့်
သွားလာလည်ပတ်သူများပြားလာပါက
ဒေသခံတို့အနေဖြင့်လည်း လူမှုစီးပွားဖွံ့ဖြိုးလာနိုင်သလို
ဒေသ၏ ပုံရိပ်ကောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါကြောင်း
ရေးသားတင်ပြရင်း အကြံပြုအပ်ပါသည်။

░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░

No comments:

Post a Comment